သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

Mon, 03/13/2017 - 23:26 -- admin

နေပြည်တော်

                        ၂၀၁၇ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၁၂.၃.၂၀၁၇ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပြီး ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့သည်။

                   အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌက အဂ္ဂ မဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်း ကျေးရွာ ကော့ဒွန်းကျောင်းသစ်ဆရာတော် ဘဒ္ဒန္တသုမန၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံ ကုန်းမြို့နယ် သုံးခွကျေးရွာ ဖလန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညောဘာသ၊ မန္တလေး တိုင်းဒေသကြီး ညောင်ဦးမြို့ ရွှေမင်းဝန်ကျောင်းတိုက် အင်္ဂါဒေါင့် ဓမ္မာစရိယကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိမလနှင့် မြင်းခြံမြို့နယ် သိမ်ကျေးရွာ သိမ်တော်ရှင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခန္တိသာရတို့အား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်တို့ကို ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် သာသနာနုဂ္ဂဟဘွဲ့နှင့် သာသနာပြုဘွဲ့တံဆိပ်တော် ရရှိသူများ အား ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ဌေးရည်က သုဓမ္မသိင်္ဂီဘွဲ့တံဆိပ် ရရှိသူများအား ဘွဲ့တံဆိပ်နှင့် အဆောင် အယောင်တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

                   ညနေပိုင်းတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် ဇနီး၊ ခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၁၆၅ ပါးနှင့် သီလရှင်ဆရာကြီး ကိုးပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ခဲ့ကြသည်။