"ဖက်ဒရယ်စနစ်များရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၏ လွတ်လပ်စွာရပ်တည်မှုနှင့် သမာသမတ်ကျမှု” ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Thu, 06/15/2017 - 02:58 -- admin

နေပြည်တော် ဇွန် ၁၅

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သုတေသနအဖွဲ့၏သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိအမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “ဖက်ဒရယ်စနစ်များရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၏ လွတ်လပ်စွာရပ်တည်မှုနှင့် သမာသမတ်ကျမှု” (Independence and Impartiality of the Constitutional Courts in  Federal Systems) ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

  အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲ  အစီအစဉ်များကို ဆက်လက်ပြုလုပ်ခဲ့ရာ International IDEA မှ အကြီးတန်းအကြံပေးနှင့် ချီကာဂိုတက္ကသိုလ်၏ နိုင်ငံတကာ ဥပဒေဘာသာရပ်နှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်၏ ပါမောက္ခဖြစ်သူ Mr. Tom Ginsburg က “ဖက်ဒရယ်စနစ်များရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ၏ လွတ်လပ်စွာရပ်တည်မှုနှင့် သမာသမတ်ကျမှု” (Independence and Impartiality of the Constitutional Courts in  Federal Systems) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးသည့် အကြောင်း အရာများနှင့်ပတ်သက်၍ ခုံရုံး သုတေသန အဖွဲ့နှင့် စာတမ်းရှင်တို့က ပြန်လည်ဆွေးနွေး အမြင်ချင်းဖလှယ်ကြသည်။ ဆွေးနွေးပွဲ သည် နေ့လယ် ၁၂ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

  အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံး သုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။