Main menu

အခြေခံဥပဒေတရားစီရင်မှု သမိုင်းကြောင်း

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၃) ခုကို ကျင့်သုံးခဲ့ကြပြီး ယင်းတို့မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လက်ရှိကျင့်သုံးလျှက်ရှိသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ဖြစ်သည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်စပ်လျဉ်းသည့် အငြင်းပွားမှု နှင့် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ တို့အပေါ် တရားလွှတ်တော်နှင့် တရားလွှတ်တော်ချုပ်တို့က အဆုံးအဖြတ်ပေးကြရပြီး ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရမူ ပြည်သူ့လွှတ်တော်က အဆုံးအဖြတ်ပြုကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)တွင် အနက်အဓိပ္ပာယ်ဖွင့်ဆိုမှု၊ အငြင်းပွားမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်မှုရှိမရှိတို့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စိစစ်ဆုံးဖြတ်ရသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖွဲ့စည်းသည့် ရုံးဖြစ်သည်။