ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နောက်ခံသမိုင်း

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်ပါဝင်မည့်  နိုင်ငံတော်အခြေခံမူများ သတ်မှတ်ရေးအတွက် ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံစုံညီအစည်းအဝေးက အခြေခံမူ ၁၀၄ ချက်ချမှတ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေးနှင့်သက်ဆိုင်သောအခြေခံမူကို အမျိုးသားညီလာခံ အစု အဖွဲ့(၈)ဖွဲ့ ကိုယ်စားလှယ်အားလုံးက အညီအညွတ်သဘောတူ ဆုံးဖြတ်ချမှတ်ခဲ့ကြပါသည်။ ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ကျင်းပသည့်အမျိုးသားညီလာခံ စုံညီအစည်းအဝေး တွင် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းရေး၊ အဖွဲ့ဝင်များ၏ အရည်အချင်း၊ ခုံရုံးသက်တမ်း၊ အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်း၊ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ခုံရုံးအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို သတ်မှတ်သည့် နည်းလမ်း နှင့်အညီသာ တင်သွင်းခွင့်ရှိစေရေး စသည့် ခုံရုံးနှင့်စပ်လျဉ်းသော အသေးစိတ် အခြေခံရမည့် မူများကို ချမှတ်ခဲ့ကြပါသည်။

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မူကြမ်းရေးဆွဲရေးကော်မရှင်သည် ၁၆-၉-၁၉၉၃ ရက်နေ့တွင် ကျင်းပခဲ့သည့်  အမျိုးသားညီလာခံ စုံညီ အစည်းအဝေးကချမှတ်ခဲ့သည့်  "နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းရေး" နှင့်စပ်ဆိုင်သောအခြေခံမူကို အခန်း(၁)၊ "နိုင်ငံတော်အခြေခံမူများ"အခန်း၊ ပုဒ်မ ၄၆ အဖြစ်လည်းကောင်း၊ ၂-၈-၂၀၀၇ ရက်နေ့ကျင်းပခဲ့သည့်  စုံညီအစည်းအဝေးကချမှတ်ခဲ့သည့် "နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး" ဖွဲ့စည်းခြင်း၊ ခုံရုံးလုပ်ငန်း တာဝန်၊ ခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု၊ ခုံရုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့်  သဘောထားရယူရန် တင်သွင်းခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များအားစွပ်စွဲပြစ်တင်ခြင်းနှင့် ခုံရုံးသက်တမ်းနှင့်စပ်လျဉ်းသော အသေးစိတ်အခြေခံမူများကို အခန်း (၆)၊ "တရားစီရင်ရေး" အခန်း၊ ပုဒ်မ ၃၂၀ မှ ၃၃၆ ပါပြဋ္ဌာန်းချက်များအဖြစ် ထုံးနည်းတကျရေးသား ဖော်ပြ ပြဋ္ဌာန်းခဲ့သည်။

  အထက်ဖော်ပြပါ ချမှတ်ခဲ့သည့်အခြေခံမူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင်"နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး"တစ်ရုံးဖွဲ့စည်းပြီး၊ ထိုခုံရုံးက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြု ပြဋ္ဌာန်းမည့် အခြေခံဥပဒေကြီး အရှည်ခန့်၍ တည်တံ့စေရန် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ကျင့်သုံးသော နိုင်ငံများအသုံးပြုသည့် "ဖွဲ့စည်းပုံအခြေခံဥပဒေကြီးစိုးလွှမ်းမိုးရေးမူ" (Principle of the Supremacy of Constitution)ကို အသုံးပြုအကောင်အထည်ဖော် ပြဋ္ဌာန်းဆောင်ရွက် နိုင်ရေးဖြစ်သည်။ ဤမူသည် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့်  ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်  တရားစီရင်ရေးအာဏာတို့ကို အခြေခံဥပဒေဖြင့်  ပိုင်းခြားခွဲဝေအပ်နှင်းထားသော ဥပဒေပြုလွှတ်တော်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရနှင့်  တရားလွှတ်တော်-တရားလွှတ်တော်ချုပ်တို့က အခြေခံဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းကျင့်သုံးသော အခြေခံဥပဒေစနစ်ကို ၂၀၀၈ခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာမှသာ ဖော်ဆောင်နိုင်ခဲ့ပါသည်။ ယနေ့ကမ္ဘာတွင် ရုရှား အပါအဝင် အရှေ့ဥပရောပဆိုရှယ်လစ်နိုင်ငံများလည်း စနစ်ပြောင်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးများ ဖွဲ့စည်းထူထောင် လာကြ၍ နိုင်ငံပေါင်း ၉၇ နိုင်ငံခန့် ရှိနေပြီ ဖြစ်ပါသည်။

  မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းတွင် ၁၉၄၇ ခုနှစ်၊ အခြေခံဥပဒေပုဒ်မ ၁၅၁ အရ "… ပြည်သူအတွက်အရေးကြီးသော ဥပဒေကြောင်းဆိုင်ရာပြဿနာပေါ်လျှင်၊ ပေါ်ရန်အ ကြောင်းရှိလျှင် နိုင်ငံတော်သမ္မတသည် ထိုပြဿနာကို တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ကြားနာစစ်ဆေးပြီး သမ္မတထံအစီရင်ခံနိုင်ရမည်။ …" ဟူ၍ ပြဋ္ဌာန်းကျင့်သုံး ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအငြင်းပွားမှု၊ ဥပဒေအနက် အဓိပ္ပါယ်ဖွင့်ဆိုမှုတို့ကို ထိုစဉ်ကတရားလွှတ်တော်ချုပ်က အဆုံးအဖြတ်ပေးခဲ့ပါသည်။ ၁၉၇၄ ခုနှစ် တွင် ပေါ်ပေါက်လာခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၀၀ နှင့် ၂၀၁ တို့အရ "နိုင်ငံတော်ကောင်စီ၊ ဗဟိုနှင့်ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် အခြေခံဥပဒေနှင့်ကိုက်ညီခြင်း ရှိ၊ မရှိဆုံးဖြတ်ရန်" လိုအပ်ပါကလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေါ်ပေါက်လာပါကလည်းကောင်း ပြည်သူ့လွှတ်တော် ကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။ ထိုသို့သော ပြဋ္ဌာန်းချက်မျိုးကို ဆိုရှယ်လစ်စနစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် နိုင်ငံတော်အာဏာကို တပေါင်းတစ်စည်းတည်း ထားရှိကျင့်သုံးသော ဥပဒေမူ (Principle of Unified Power) အရ ကျင့်သုံး ခဲ့ခြင်းဖြစ်ပါသည်။

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဥပဒေပြုလွှတ်တော်များကပြဋ္ဌာန်းသည့်  ဥပဒေများ၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရ၏ဆောင်ရွက်ချက်များသည် အခြေခံဥပဒေ နှင့်ညီမညီစိစစ်ခြင်း၊ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းအပါအဝင် အခြေခံဥပဒေပုဒ်မ ၃၂၂-၃၂၃ ပါ ခုံရုံး၏ လုပ်ငန်းတာဝန်များနှင့် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်  ဥပဒေများက ပေးအပ်သည့်  လုပ်ငန်းတာဝန်များကို အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်ထားသော "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး"က စိစစ် ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ ထို့ကြောင့်  ဆီဗီလ်ဥပဒေပညာရှင်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး/ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံး/ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီ ကို အခြေခံဥပဒေအရှည်တည်တံ့အောင် ကာကွယ်စောင့်ရှောက်သောအဖွဲ့အစည်း (Guardian of the Constitution) ဟု မှတ်တမ်းပြုကြသည်။

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။